အမျိုးသမီးတို့နှင့် သက်ဆိုင်သော ကင်ဆာရောဂါ၏ အန္တရာယ်များ ( ဒေါက်တာ တင်ဦး ၏ ဆောင်းပါးကို Family Health Journal မှ ကူးယူပါသည်။ )
အမျိုးသမီးတို့နှင့် သက်ဆိုင်သော ကင်ဆာရောဂါ၏ အန္တရာယ်များ
ကင်ဆာရောဂါသည် ခန္ဓာကိုယ်နေရာအနှံ၌ ဖြစ်တတ်ပါသည်၊ ကင်ဆာရောဂါ၏ အန္တရာယ်များကို လေ့လာကြည့်ပါက တစ်မျိုးနှင့်တစ်မျိုး မတူညီကြောင်း တွေ့ရသည်၊
သားအိမ်လည်တံကင်ဆာ ( သားအိမ်ခေါင်းကင်ဆာ )
သားအိမ်လည်တံကင်ဆာရောဂါ၏ အန္တရာယ်များကို ဖော်ပြပေးထားပါသည်၊
အသက်
သားအိမ်လည်တံကင်ဆာသည် အသက် ၂၅ နှစ် နှင့် ၄၅ နှစ်ကြား အရွှယ်တွင် ဖြစ်ပွားမှုအများဆုံးဖြစ်ပါသည်၊
လိင်အင်္ဂါကြွှက်နို့
လိင်အင်္ဂါကြွှက်နို့ဖြစ်စေသော Human Papilloma Virus-HPV ဗိုင်းရပ်စ်သည် သားအိမ်လည်တံကင်ဆာဖြစ်စေသော ဇာစ်မြစ်တစ်ခုဖြစ်သည်၊
အိမ်ထောင်ရေးအခြေအနေ
အပျိုကြီးများတွင် ဖြစ်ပွားမှုနှုန်းအနိမ့်ဆုံးဖြစ်သည်၊ မုဆိုးမများ ၊ အိမ်ထောင်ကွဲနေသူအမျိုးသမီးများ နှင့် လိင်ဆက်ဆံဖော်များသူများတွင် ဖြစ်ပွားမှုနှုင်းမြင့်မားကြောင်းတွေ့ရသည်၊
လက်ထပ်မှုအခြေအနေ
စောစီးစွာ ငယ်ရွှယ်စဉ်လက်ထပ်ခြင်း ( လိင်ဆက်ဆံမှုကို ငယ်ရွှယ်စဉ်စတင်ခြင်း ) သည် သားအိမ်လည်တံကင်ဆာဖြစ်မှုကို မြင့်မားစေသည်၊
သန္ဓေတားသောက်ဆေးများ
သန္ဓေတားသောက်ဆေးများ ကာလကြာရှည်စွာ သောက်သုံးခြင်းသည် သားအိမ်လည်တံကင်ဆာ၏ အန္တရာယ်တစ်ခုပင်ဖြစ်ပါသည်၊
လူမှုစီးပွားရေးအခြေအနေ
လူမှုစီးပွားရေးအခြေအနေ နိမ့်ကျသူများတွင် သားအိမ်လည်တံကင်ဆာ ပို၍ ဖြစ်နိုင်သည်၊
ရင်သားကင်ဆာ
ရင်သားကင်ဆာ၏ အန္တရာယ်များမှာ -
အသက်
ရင်သားကင်ဆာသည် အသက် ၃၅ နှစ်အောက်အရွှယ်၌ ဖြစ်ပွားမှု ရှားသည် ၊ အသက် ၃၅ နှစ် နှင့် ၅၀ နှစ်ကြားတွင် ဖြစ်ပွားမှုများသည် ၊ မီးယပ်သွေးဆုံးချိန်ကာလ၌ ဖြစ်ပွားမှုနှုန်း အနည်းငယ်လျော့သွားသော်လည်း အသက် ၆၅ နှစ် အရွှယ်တွင် ပြန်လည်မြင့်တက်လာသည်၊
မိသားစုရာဇ၀င်
မိသားစု၌ မိခင် အစ်မ ညီမတို့၌ ရင်သားကင်ဆာ ဖြစ်ခဲ့လျှင် မိမိ၌လည်း ရင်သားကင်ဆာအန္တရာယ်များကြောင်း သတိမူသင့်သည်၊
သားသမီးမွေးဖွားမှု
သားသမီးလုံးဝမရှိသူနှင့် သားသမီးနည်းသူများတွင် ရင်သားကင်ဆာပိုဖြစ်နိုင်သည်၊ သားသမီးများကို နို့တိုက်ကျွေးသော မိခင်များတွင် ဖြစ်ပွားမှုနည်းသည်၊
မီးယပ်စတင်ပေါ်ခြင်းနှင့်မီးယပ်သွေးဆုံးခြင်း
မီးယပ်စတင်ပေါ်ချိန်စောခြင်းနှင့် မီးယပ်သွေးဆုံးချိန်နောက်ကျခြင်းသည် ရင်သားကင်ဆာအတွက် အန္တရာယ်ဖြစ်ကြောင်းတွေ့ရသည်၊
ဟော်မုန်းများ
သွေး၌ အမျိုးသမီးဟော်မုန်းအီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်းများပါက ရင်သားကင်ဆာဖြစ်ရန် အန္တရာယ်ရှိသည်၊
အစားအစာ
အဆီ စားသုံးမှုများခြင်း နှင့် အ၀လွန်ကဲမှုတို့သည်လည်း ရင်သားကင်ဆာအတွက် အန္တရာယ်များဖြစ်ကြသည်၊
လူမှုစီးပွားရေးအခြေအနေ
လူမှုရေးစီးပွားရေးနိမ့်ကျသော အမျိုးသမီးများတွင် ရင်သားကင်ဆာပို၍ ဖြစ်ကြသည်ဆို၏၊
အခြားအကြောင်းအချက်များ
ဓာတ်ရောင်ခြည်ထိတွေ့မှုနှင့် သန္ဓေတားသောက်ဆေးများ မှီဝဲခြင်းတို့ကြောင့်လည်း ရင်သားကင်ဆာဖြစ်ရန် အန္တရာယ်များပါသည်၊
အဆုတ်ကင်ဆာ
အဆုတ်ကင်ဆာမှာ ဖြစ်ပွားမှုနှုန်း မြင့်မားသော ကင်ဆာရောဂါတစ်ခုဖြစ်သည်၊ အဆုတ်ကင်ဆာ၏ အန္တရာယ်ကို လေ့လာကြည့်ပါက ဆေးလိပ်သောက်ခြင်းသည် အဓိက အကြောင်းဇစ်မြစ်တစ်ခုဖြစ်ကြောင်း တွေ့ရပေမည်၊ ဆေးလိပ်သောက်သူများသည် ဆေးလိပ်လုံးဝ မသောက်သူများထက် အဆုတ်ကင်ဆာ ဖြစ်ရန် အန္တရာယ် ၈.၆ ဆ ပိုကြောင်းတွေ့ရသည်၊
ကိုယ်တိုင်ဆေးလိပ်မသောက်သော်လည်း အခြားသူများသောက်သဖြင့် ထွက်လာသော မီးခိုးငွေ့ရှူရှိက်ကြသူများအတွက်လည်း အဆုတ်ကင်ဆာဖြစ်ရန် အန္တရာယ်များပါသည်၊
လေထုညစ်ညမ်းမှုများ ၊ ဓာတ်ရောင်ခြည်ထိတွေ့မှု ၊ လုပ်ငန်းခွင်ဆိုင်ရာ အန္တရာယ်များ ၊ အာဆင်းနစ်နှင့် အာဆင်းနှစ်အက်ဆစ်ဓာတ်ပေါင်းများ ပေါ်လီဆိုက်ကလစ်အေရိုမက်တစ်ဟိုက်ဒရိုကာဘွန်များ ၊ နစ်ကယ်အမှုန့်များ စသည်တို့သည် အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်မားစေပါသည်၊၊ ၊၊
ဒေါက်တာ တင်ဦး ၏ ဆောင်းပါးကို Family Health Journal မှ ကူးယူပါသည်။

No comments:
Post a Comment