Monday, February 17, 2014

ရင်သားကင်ဆာ ဖြစ်ပွားမှုနှင့် သဘာဝပတ်ဝန်းကျင် ဆက်စပ်မှုကို လေ့လာရာမှ အံ့သြစရာများ တွေ့ရှိ

ရင်သားကင်ဆာ ဖြစ်ပွားမှုနှင့် သဘာဝပတ်ဝန်းကျင် ဆက်စပ်မှုကို လေ့လာရာမှ အံ့သြစရာများ တွေ့ရှိ

ရင်သားကင်ဆာ ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းကို ရှာဖွေရာတွင် ဓာတ်ခွဲခန်းတွင် တိရစ္ဆာန်များနှင့် ကျန်းမာသော အမေရိကန် မိန်းကလေးများ အုပ်စုတစ်စုကို လေ့လာရာမှ အံ့သြစရာတချို့ကို တွေ့ရှိခဲ့ကြောင်း  သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ စူးစမ်းရှာဖွေရေး စင်တာတွင် ရင်သားကင်ဆာ မရှိသောကျောင်းသူ ၁၂၀၀ ရှိသည်။ သို့သော်လည်း ရင်သားကင်ဆာ ဖြစ်နိုင်သော မူလအရင်းခံများနှင့် ပတ်သက်၍ ၎င်းမိန်းကလေးများက အရေးကြီးသော သဲလွန်စအ သစ်များကို သိပ္ပံပညာရှင်များအား ပေးအပ်လျက်ရှိသည်။စောစီးစွာ အပျိုဖော်ဝင်ခြင်း၊ အသက်ကြီးမှ ကလေးယူခြင်း၊ နောက်ကျမှ သွေးဆုံးခြင်း၊ အီစထရိုဂျင်ဟော်မုန်း အစားထိုးကုထုံး၊ အရက်သောက်ခြင်းနှင့် ဓာတ်ရောင်ခြည်သင့်ခြင်း အပါအဝင် တချို့သော အန္တရာယ်ပေးသည့် အချက်အလက်များကို ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။
 
အန္တရာယ်ရှိသော မျိုးဗီဇဖောက်ပြန်မှုကို ခွဲခြားသိရှိအောင် ပြုလုပ်မှုတွင် တိုးတက်မှုများ ရရှိပြီ ဖြစ်သော်လည်း ယင်းအခြေအနေများမှာ အနည်းငယ်သာ ပါဝင်ပတ်သက်မှု ရှိသည်။ “အထူးသဖြင့် အမျိုးသမီးငယ်တွေထဲမှာ ဖြစ်ပွားတဲ့ ရင်သားကင်ဆာ အများစုဟာ မိသားစုမျိုးရိုးနဲ့ မပတ်သက်ပါဘူး။ သဘာဝပတ်ဝန်းကျင်နဲ့ ရာခိုင်နှုန်း ၈၀ ပတ်သက်မှု ရှိတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်” ဟု ရင်သားကင်ဆာနှင့် သဘာဝပတ်ဝန်းကျင် သုတေသန အစီအစဉ် (BC-ERP) မှ ရိန်းလစ်က ပြောသည်။ ၎င်းအစီအစဉ်သည် ၂၀၀၃ ခုနှစ်ကတည်းက အမေရိကန် အစိုးရထံမှ ဒေါ်လာသန်း ၇၀ ခန့်ထောက်ပံ့မှု ရရှိထားသည်။ သုတေသီတချို့က လူများဖြစ်ပျက်နေသည်ကို ခြေရာခံပြီး အခြားသုတေသီများက ကာစီနိုဂျင် (သက်ရှိတစ်သျှူးနှင့် တွေ့သောအခါ ကင်ဆာဖြစ်စေသော ပစ္စည်း)၊ ညစ်ညမ်းစေသော အရာများ၊ အစားအစာများက ဓာတ်ခွဲခန်းကြွက်များတွင် နို့ရည်ဂလင်းများနှင့် ရင်သားအကျိတ်များ ဖြစ်ထွန်းမှုအပေါ် မည်သို့သက်ရောက်သည်ကို လေ့လာခဲ့ကြသည်။ ပရိုဂရမ်၏ စူးစိုက်မှုမှာ အပျိုဖော်ဝင်ချိန် ဖြစ်သည်။
 
အကြောင်းမှာ အမျိုးသမီးများ ရင်သားကင်ဆာကို ခန့်မှန်းရာတွင် အကောင်းဆုံး ဖြစ်နိုင်သောကြောင့် ဖြစ်သည်ဟု ရိန်းလစ်ကဆိုသည်။ အပျိုဖော်ဝင်ချိန်သည် ရင်သားတစ်သျှူးများ လျင်မြန်စွာ ကြီးထွားနေချိန်လည်း ဖြစ်သည်။ အပျိုဖော်ဝင်ချိန်တွင် ရေဒီယိုသတ္တိကြွမှုကို ထိတွေ့ခဲ့ရသော သူတို့သည် အရွယ်ရောက်လျှင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေပို၍ မြင့်မားကြောင်း ဂျပန်တွင် ဟီရိုရှီးမား၌ အဏုမြူဗုံးကြဲ ခံရပြီးနောက် ရှင်သန်သူများကို ပြုလုပ်သော သုတေသနက ပြသခဲ့သည်။ အမေရိကန် မိန်းကလေး ၁၂၀၀ သည် မြောက်ပိုင်း ကယ်လီဖိုးနီးယား၊ နယူးယောက်စီးတီးရှိ ဆိုက်နေရာများတွင် လေ့လာမှုခံယူရန် စာရင်းပေးခဲ့ကြသည်။ ထို့နောက် ၎င်းတို့ အသက်ခြောက်နှစ်နှင့် ရှစ်နှစ်ကြား ၂၀၀၄ ခုနှစ်မှစ၍ အိုဟိုင်းယိုးရှိ စင်စင်နာကီ ဧရိယာတွင် လေ့လာမှု စတင်ခဲ့သည်။ ရည်ရွယ်ချက်မှာ သွေးနှင့်ဆီး စမ်းသပ်မှုများမှ မိန်းကလေးများ၏ ဓာတုဗေဒ ထိတွေ့မှုကို တိုင်းတာရန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိတွေ့မှုများက အပျိုဖော်ဝင်စ အချိန်တွင် မည်သို့ထိခိုက်၍ နောက်ပိုင်းတွင် ရင်သားကင်ဆာ မည်သို့ဖြစ်နိုင်သည်ကို သိရှိရန်ဖြစ်သည်။

No comments:

Post a Comment